- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 4
- Всего постов
- 22
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 308
- 1/48двое суток
- 352
- 1/72трое суток
- 380
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://crphmyanmar.org/publications/message-on-76th-karen-martyrs-day/
без подписи
без подписи
(၇၆) နှစ်မြောက် ကရင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် ၁။ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစိုင်းကေတို့သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုကော်ကိုးရွာတွင် အကြမ်းဖက်စစ်အာဏာရှင်များနှင့် တိုက်ခိုက် ရင်း ကျဆုံးခဲ့သည့်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာ ယနေ့အချိန်တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂။ ယနေ့ကျရောက်သည့် ကရင်အာဇာနည်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်း ဆောင်ကြီးများနှင့်တကွ ကရင်အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။ ၃။ ကရင်ပြည်သူလူထုသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး ယနေ့နွေဦးတော်လှန်ရေးတွင် လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေရသော်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ကရင်ပြည်သူလူထုအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ စွန့်လွှတ်စွန့်စားမှုများနှင့် ကြံ့ကြံ့ခံနိုင်မှုများကိုလည်း မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် အထူးပင် လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။ ၄။ စုပေါင်းခေါင်းဆောင်မှု၊ တာဝန်ခံမှုဖြင့် ဖွဲ့စည်းထားရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် မိမိတို့ တော်လှန်ရေးအင်အားစုများ အကြား ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်ကာ ပြည်ထောင်စုသားအားလုံးအတွက် အနာဂတ်သစ်ကို ဖန်တီးပေးနိုင်မည်ဟု မိမိတို့အနေဖြင့် အခိုင်အမာယုံကြည်ပါ သည်။ မိမိတို့အနေဖြင့်လည်း ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်း ကာ ကရင်လူထုနှင့် ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မဟာမိတ် တော်လှန်ရေး အင်အားစုအားလုံးနှင့်အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်။ ၅။ ယနေ့ကျရောက်သော ကရင်အာဇာနည်နေ့မှသည် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေ လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အတူတကွ လက်တွဲချီတက်ကာ အာဇာနည်သူရဲကောင်းအပေါင်းတို့ အသက်ပေး၍ စိုက်ထူခဲ့သော သမိုင်းပေးတာဝန်နှင့် တန်းတူညီမျှရေးရည်မှန်းချက်များ မပြီးမြောက်သေးသမျှ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုလျက် ဤ ကရင်အာဇာနည်နေ့သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
без подписи
ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ SCEF၊ CRPH နှင့် NUG တာဝန်ရှိသူများ တက်ရောက် ၁၀ ဩဂုတ် ၂၀၂၆ ယနေ့ကျရောက်သော (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကို ကချင်၊ မြန်မာ နှစ်ဘာသာနှင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကောင်စီဝင်များ၊ CRPH တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ SCEF ၏ ညှိနှိုင်းရေးမှူး ဖြစ်သူ ဒေါက်တာဇော်ဝေစိုး နှင့် NUG တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော မိန့်ခွန်းတွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က NUG၊ CRPH အပါအဝင် အခြား ERO’s များ အတူတကွ ပူးပေါင်းပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ လုပ်ငန်းများတွင် ပါဝင်လျက်ရှိကြောင်း၊ တိုင်းရင်းသားများအားလုံး မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေသည့်အချိန်တွင် စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်နိုင်စေရန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေကြသူများအားလုံး ယနေ့အချိန်မှစ၍ ရပ်တန့်ပြီး အမှန်တရားဖက်မှာ ရပ်တည်ကြရမှာဖြစ်ကြောင်း၊ အာဇာနည်သူရဲကောင်းတို့နှင့် ကျန်ရစ်သူ မိသားစုများ၏ ဆုတောင်းသံများကြောင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလ သင်တို့အပေါ် ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။ ထို့အပြင် စစ်ကောင်စီကိုလည်း နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာကို နိုင်ငံရေးနှင့် ဖြေရှင်းရန်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အများပြည်သူလူထုက လက်မခံနိုင်တာကို ပြန်လည်သုံးသပ်ရန်၊ ပြုပြင်ဖို့ လိုအပ်သော ကိစ္စရပ်များကို အချိန်မနှောင်းခင်၊ အချိန်တွေ နောက်မကျခင် ပြုပြင်ရန်၊ ပြည်သူကို ပစ်မှတ်ထားခြင်း၊ အကာအကွယ်ယူခြင်းများကို ရှောင်ရှားရန်၊ လူသားတိုင်း၏ အသက်ကို တန်ဖိုးထားရန်နှင့် စစ်မြေပြင်တိုက်ပွဲများတွင် စစ်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန် သတိပေးထားသည်။ #SCEF
https://crphmyanmar.org/publications/message-on-51st-kachin-martyrs-day/
без подписи
без подписи
(၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် ၁။ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၌ ကချင်လွတ်လပ် ရေးအဖွဲ့ (Kachin Independence Organization-KIO)နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (Kachin Independence Army-KIA) တို့၏ ထူထောင်သူ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC- Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့အား ဂုဏ်ပြုသော အားဖြင့် ဩဂုတ်လ (၁၀) ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၅၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၂။ (၅၁) နှစ်ကြာ ကချင်တော်လှန်ရေးခရီးတစ်လျှောက်တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် အခွင့်အရေးများအတွက် စစ်အာဏာရှင်အဆက်ဆက်ကို မဆုတ်မနစ် တော်လှန် ရင်း အသက်ပေးဆပ်ခဲ့ကြရသော ကချင်တိုင်းရင်းသားခေါင်ဆောင်ကြီးများနှင့်တကွ ကချင် အာဇာနည်သူရဲကောင်းအပေါင်းတို့အား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။ ခေတ်အဆက်ဆက် ပေးဆပ် ခဲ့ကြသော ကချင်အာဇာနည်တို့၏ စိတ်ဓာတ်နှင့် သတ္တိတို့သည် ယနေ့ခေတ် မျိုးဆက်သစ်များ အတွက် လမ်းပြကြယ်များပင် ဖြစ်ပါသည်။ ၃။ ခက်ခဲကြမ်းတမ်းသည့် ကာလတစ်လျှောက် KIO/KIA သည် ကချင်ပြည်နယ်အတွင်း သာမက မြန်မာ့ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပါ အရေးပါသော မဟာဗျူဟာမြောက်မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ ကြိုးပမ်းခဲ့ခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ အဓိကကျသော တော်လှန် ရေးအောင်ပွဲများကို ရရှိပိုင်ဆိုင် နိုင်ခဲ့ပါသည်။ ၄။ ယနေ့အချိန်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုသည် သာ အဓိက သော့ချက်ဖြစ်ပါသည်။ စစ်အာဏာရှင်တို့၏ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တော်လှန်ရေးအင်အားစုများအကြား သပ်လျှို သွေးခွဲမှုများနှင့် ပရိယာယ်များကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိ၊ တော်လှန်ရေး သတိတို့ဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင် ကျော်လွှားကြရမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် ကချင် တော်လှန်ရေးအင်အားစုများတို့သည် အဓိက မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ၅။ နိုင်ငံရေးအလှည့်အပြောင်း ကြီးမားနေသည့် ယခုအချိန်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင်လည်း အခြားအင်အားစုများနှင့်အတူ မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာနေဆဲပင် ဖြစ်ပါသည်။ ဆက်လက်၍ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ အတွက် ကချင်တော်လှန်ရေးအင်းအားစုများအပါအဝင် ပြည်ထောင်စုတစ်ဝှမ်းရှိ တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ အာဇာနည်တို့ မျှော်မှန်းခဲ့သည့် တန်းတူညီမျှသော၊ တရားမျှတပြီး ငြိမ်းချမ်းသာယာသော အနာဂတ်ဆီသို့ ပြည်သူက ပေးအပ်ထားသည့် ပြည်သူ့ဆင့်လွှဲ အာဏာဖြင့် ရရှိထားသည့် တရားဝင်မှု နိုင်ငံရေးလက်နက်ကို ကိုင်စွဲလျက် ဆက်လက် ထမ်းဆောင်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
без подписи
без подписи
(၇၈) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက် ၁။ သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ်ကို ကျူးကျော်လာသည့် ဖဆပလ အစိုးရက ကရင်နီပြည်ကောင်စီဥက္ကဋ္ဌ ခွန်းဘီတူရီ တည်ရှိရာ မြလဲ (မန်းလား) ရွာကို စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကလည်း ရရာလက်နက်စွဲကိုင်ကာ ခုခံတွန်းလှန်ခဲ့သည့် နေ့ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ် ပါသည်။ ဤနေ့ထူးနေ့မြတ်တွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကရင်နီအမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကရင်နီပြည်သူ့ရဲဘော်များနှင့်တကွ ကရင်နီ ပြည်သူတစ်ရပ်လုံးနှင့်အတူ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ၂။ စစ်အာဏာရှင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှုဟူသမျှ ကို ဒူးမထောက်ဘဲ ရဲရင့်စွာ ခုခံတိုက်ပွဲဝင်ရင်း ကရင်နီပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ကရင်နီ အမျိုးသား တော်လှန်ရေးခေါင်းဆောင်ကြီးများ၊ ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်များနှင့် စစ်ဘေး စစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေးတို့ အတွက် အစဉ်တစိုက် ပါဝင်ကြိုးပမ်းနေသည့် ကရင်နီပြည်သူများအားလုံးအား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။ ၃။ ယနေ့ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အခြားတော်လှန်ရေး အင်အားစုများနည်းတူ ကရင်နီအမျိုးသား တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုများကြောင့် နယ်မြေစိုးမိုးရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့တွင် ထူးခြား သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ကရင်နီပြည်သူများ ခေတ်အဆက်ဆက် တောင်းဆိုခဲ့သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့် အပြည့်အဝရှိသော ကရင်နီပြည် ပေါ်ထွန်းလာရေး သည် မိမိတို့ ဘုံရည်မှန်းချက်ထား ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေး၏ မရှိမဖြစ် လိုအပ်သော အခြေခံမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါသည်။ ၄။ ညီညွတ်မှုကို အခြေတည်၍ ဖက်ဒရယ်မူများအပေါ် ခိုင်မာစွာရပ်တည်ကာ တစ်စု တစ်စည်းတည်း ရှေ့ဆက်မည်ဆိုပါက အားလုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ မြန်ဆန်စွာ ဆိုက်ရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union-SCEF) ၏ စုပေါင်းခေါင်းဆောင်မှုအောက်တွင် တွဲလက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အကြမ်းဖက်စစ်အုပ်စု၏ ကောက်ကျစ်ယုတ်မာ သော ဖြိုခွဲမှုမှန်သမျှကို ချေမှုန်းကာ မြင့်မားသော နိုင်ငံရေးအသိ၊ သတိတို့နှင့် ယှဉ်တွဲ၍ ရှေ့ဆက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။ ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနှင့် သံတမန်ရေး စစ်မျက်နှာများတွင် ခိုင်မာသည့် အင်အားတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းသည်အထိ တော်လှန်ရေးအင်အားစု အားလုံးနှင့်အတူ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
https://youtu.be/yRw1qYxzNG4
без подписи
без подписи
без подписи
без подписи
без подписи
ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေး တော်ပုံကြီးမှ တော်လှန်ခဲ့ကြတဲ့ သူရဲကောင်းတို့ရဲ့ မပြီးပြတ်သေးတဲ့ မျှော်လင့်ချက်၊ အိပ်မက်နဲ့ ရည်မှန်းချက်များကို အပြီးသတ်ဖြည့်ဆည်းပေးတဲ့ နောက်ဆုံးစစ်ပွဲ ဖြစ်ကို ဖြစ်ရပါမယ်။ ကျွန်တော် တို့နိုင်ငံရဲ့ အကျည်းတန်လှတဲ့ ဒီဖြစ်စဉ်ကို ဒီနွေဦးတော်လှန်ရေးကနေ အဆုံးသတ်ဖို့ အရေးကြီး ပါတယ်။ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကစပြီး ဒီကနေ့ အထိ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ သတ္တိတို့နဲ့ နွေဦးတော်လှန် ရေးမှာ သက်စွန့်ကြိုးပမ်း ပါဝင်နေကြတဲ့ တော်လှန်ရေးသူရဲကောင်းများ၊ လူငယ်များ၊ ပြည်သူ များ၊ CDM ဝန်ထမ်းများရဲ့ စွန့်လွှတ်အနစ်နာခံမှုကိုလည်း ကျွန်တော်တို့ အမြဲ ဦးညွှတ် တန်ဖိုး ထားသွားကြရပါမယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှသည် ယနေ့အထိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ စံနမူနာပြအနစ်နာခံမှု၊ သတ္တိတို့ဟာ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းမီးရှူးတန်ဆောင် ဖြစ်ပါတယ်။ စစ်အာဏာရှင်များရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးဟာ၊ အနာဂတ်နိုင်ငံရဲ့ အရေးများမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဟာ ကျွန်တော်တို့ရဲ့ တာဝန်တစ်ရပ်ဖြစ်သလို ပြည်သူ့ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်သူအားလုံးရဲ့၊ အင်အားစုအားလုံးရဲ့ စုစည်းမှု၊ ညီညွတ်မှုဟာ ရှေ့မှာ နိုင်ငံတော်ယာယီသမ္မတကြီးနဲ့တကွ ဝန်ကြီးချုပ်ကြီး မိန့်ကြားသွားခဲ့သလို ညီညွတ်မှုဟာ အဓိကအသက်သွေးကြော ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပမှာရှိတဲ့ တော်လှန် ပြည်သူများ၊ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ် စွာ လက်တွဲဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ အချင်းချင်း ခိုင်မာစွာ ပေါင်းစည်းထားတဲ့ အင်အားနဲ့သာ စစ်အာဏာရှင်စနစ်ကို ပိုမိုမြန်ဆန်စွာ အပြီးသတ် အမြစ်ပြတ်ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကို လက်တွေ့ ကျကျ ဖြေရှင်းနိုင်ရေးအတွက်၊ မှန်ကန်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖော်ဆောင်နိုင်ရေး အတွက် မြန်မာပြည်သူများရဲ့ စစ်မှန်တဲ့ အသံကို လေးလေးနက်နက် နားထောင်ကြရန်လည်း ထပ်လောင်းအသိပေးတိုက်တွန်းလိုပါတယ်။ မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရေးအတွက် အဖက်ဖက်က ကြိုးပမ်းပေးကြတဲ့ အာဆီယံအပါအဝင် လူ့အခွင့်အရေးအတွက် အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) စတဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း မြန်မာပြည်သူများရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီကနေ့မှာ ထပ်လောင်းပြောကြားလိုပါတယ်။ မြန်မာ့အရေးဖြေရှင်းမှုဟာ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းသာယာရေးကို ရှေးရှုရမှာဖြစ်သလို အနာဂတ်သစ်ကို လျှောက်လမ်းနိုင်တဲ့ ဝန်းကျင် ကို ဖန်တီးပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူတွေအတွက်သာမဟုတ်ဘဲ ဒေသတွင်းအတွက်၊ ကမ္ဘာကြီးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ ရှိစေချင်တာ ကျွန်တော်တို့ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူများထံ၊ တော်လှန်ရေးအင်အားစုများထံသို့ ကူညီပံ့ပိုးမှုများကို ပိုမိုတိုးမြှင့်ပေးကြ ဖို့လည်း တော်လှန်ပြည်သူများကိုယ်စား အလေးအနက် ဖိတ်ခေါ်အပ်ပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များအနေနဲ့ ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ CDM ဝန်ထမ်းများနဲ့ တော်လှန်ရေး အင်အားစုအားလုံးနှင့်အတူ တစ်သားတည်း အမြဲတမ်းရပ်တည်သွားပါမယ်။ အခုအခါ တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ စုဖွဲ့မှု ဖြစ်စေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီတော်လှန်ရေးရဲ့ သမိုင်းဝင် သူရဲကောင်း များ လိုလားခဲ့တဲ့ ပြည်သူတို့ မျှော်လင့်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို မလွဲမသွေတည်ဆောက်သွားနိုင်ရေးအတွက် လွှတ်တော်ကဏ္ဍကနေ ဆက်လက်ပါဝင်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် အသက်ပေးဆပ်ခဲ့ကြရတဲ့ သူရဲကောင်းအပေါင်းကို ဦးညွှတ်လိုက်ပါတယ်။ အရေးတော်ပုံမုချအောင်ကို အောင်ရမည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။