Institute for Strategy and Policy- Myanmar
СтатистикаThe ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
- Последний пост
- 30 июн.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
ပြည်သူ မကြည်ဖြူသော အခွန်ဖြစ်နေပါလျှင်... ______ ■ ရိပ်ဝေ [ရိပ်ဝေသည် တော်လှန်ရေးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။] လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေအများစုရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ်မှာတော့ စတင်အကောင် အထည် ဖော်နေပြီဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ လူထုကြားထဲမှာလည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်နေပါတယ်။ တကယ်တော့ Starlink ဆိုတာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ တော်လှန်ရေး နယ်မြေတွေက ပြည်သူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ တခုတည်းသော အားကိုးရာပါ။ ဒီဆိုင်တွေကို ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင်တွေကလည်း ကိုယ်ပိုင်အရင်းအနှီးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ဖွင့်လှစ်ထားရတာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဆိုတဲ့နေရာမှာ Starlink ဆိုင်ပိုင်ရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ နယ်ကျော်ကြေးဆောင်ရတာ၊ အကောင့်တွေ ပျက်ကုန်တာ၊ ID verification နဲ့ Location verification တွေကြောင့် ဒုက္ခရောက်ရတာ စတဲ့ အခက်အခဲမျိုးစုံ ရှိနေတာပါ။ ဒါ့အပြင် Starlink စက်တွေကို တနေကုန် မီးအားပေးဖို့အတွက် သုံးရတဲ့ Solar Inverter တွေ၊ Battery တွေနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း မသေးလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ "အခွန်" ဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်လိုအဓိပ္ပာယ်ကို ဆောင်သလဲဆိုတာ ကျွန်တော်တို့ သေချာစဉ်းစားဖို့ လိုလာပါတယ်။ နိုင်ငံရေး သဘောတရားအရတော့ အခွန်ဆိုတာ အလကားပေးလိုက်ရတဲ့ ငွေကြေးမဟုတ်ပါဘူး။ ပြည်သူက အခွန်ပေးဆောင်တဲ့အတွက် အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူအဖွဲ့အစည်းက ပြန်လည်ဖြည့် ဆည်းပေးရမယ့် တာဝန်တွေ ရှိပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု (လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး)၊ လူမှုဖူလုံရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်စတာတွေကို အစိုးရက အပြန်အလှန်အနေနဲ့ တာဝန်ယူပေးရတာ ဖြစ်ပါတယ်။ နောက်တခုက အခွန်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်း မညီမျှမှုတွေကို လျှော့ချပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဝင်ငွေများ သူတွေဆီက အခွန်ပိုကောက်ပြီး ဝင်ငွေနည်းသူတွေကို အများပြည်သူဝန်ဆောင်မှုတွေကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုစီးပွား တည်ငြိမ်မှုကို တည်ဆောက်ရတာပါ။ ပုံမှန်အခြေအနေမှာ ဥပမာပေးရရင် အခွန်ဆောင်ထားတဲ့အတွက် ပြည်သူတွေက အစိုးရပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ပြသခွင့်ရမယ်၊ သားသမီးတွေ ကျောင်းအခမဲ့တက်ခွင့်ရမယ်။ အဲ့ဒါအပြင် လျှပ်စစ်မီး၊ ရေ၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံတွေကို အစိုးရက ဖန်တီးပေးထားရတာ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း လမ်းပိုင်းတွေမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်တာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကတော့ ဂိတ်တွေ မှိုလိုပေါက်နေလို့ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ သေချာကြပ်မတ်လိုက်တဲ့အတွက် လမ်းခရီးသွားလာရတာ အဆင်ပြေသွားပါတယ်။ လမ်းပိုင်းတွေမှာ အခွန်ကောက်တယ်ဆိုတာကလည်း အဲဒီလမ်းမှာ သွားလာနေကြတဲ့ အများပြည်သူကို (လေကြောင်းရန်ကလွဲရင်) မြေပြင်လုံခြုံရေး အာမခံချက် ပေးထားနိုင်လို့ပါ။ လမ်းတွေ၊ တံတားတွေကို ပျက်စီးရင် ပြန်ပြင်ပေးတယ်၊ မိုင်းရှင်းပေးတယ် စတဲ့ လူထုကို စောင့်ရှောက်မှု တစုံတရာ လုပ်ပေးထားလို့ ပြည်သူကလည်း လက်ခံပေးကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာရှိလာတာက "Starlink ဆိုင်တွေအတွက်ကျကော အာဏာပိုင်တွေက ဘာတွေ ပြန်လုပ်ပေးမှာလဲ" ဆိုတာပါပဲ။ လက်ရှိကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေလိုအပ်ချက်ရှိတာ မှန်သလို၊ ပြည်သူတွေမှာလည်း စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးနဲ့ လူမှုဖူလုံရေးအခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေပဲ ရုန်းကန်ပြီး ဖြစ်သလို လုပ်ကိုင်စားသောက်နေကြရတဲ့ အချိန်ဖြစ်ပါတယ်။ ရှေ့ကာလမှာလည်း ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပြည်သူလူထုရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုအချိန်မှာ (ဝိုင်ဖိုင်ဆိုင်တွေတင်မဟုတ်ဘဲ) ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ စာကြွင်း။ ။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့မဟုတ်ဘဲ ပြည်သူကို လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ CSO, NGO အဖွဲ့အစည်းတွေက ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ ဆိုင်တွေကိုပါ အခွန်ကောက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ သို့သော် တကယ်လို့သာ အဲ့ဒီလို ကောက်ခံမယ်ဆိုရင် ငွေကြေးအခက်အခဲကြောင့် ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေ ရှေ့ဆက်မလည်ပတ်နိုင်တော့တဲ့အခါ ပထမဆုံး အခက်အခဲတွေ့မှာက မြေပြင်က ပြည်သူလူထု ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက် ထောက်ပြချင်ပါတယ်။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်တွေအပြီး ရှေ့ဆက်ဖြစ်တန်ခြေနဲ့ သက်ရောက်မှုများစွာ ရှိနိုင်တဲ့အထဲ အကြောင်းအချက်သုံးခုကို ထုတ်နုတ်ပါမယ်။ ပထမတခုက အိန္ဒိယနိုင်ငံနဲ့ ဦးမင်းအောင် လှိုင်အစိုးရအကြား ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာနိုင်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးကားလမ်းမကြီးနဲ့ ကုလားတန်ဘက်စုံစီမံကိန်းဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA) နဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ ရိခေါ်ဒါရ်ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတုန်းပါပဲ။ ကချင်ပြည်နယ်အတွင်း မြေရှားထွက်တဲ့ဒေသတွေကိုလည်း KIA က ထိန်းထားပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရေရှည်မဟာဗျူဟာအောင်မြင်နိုင်ရေးဟာ ဦးမင်းအောင်လှိုင်အစိုးရတခုတည်းအပေါ် မူတည်မနေဘဲ မြေပြင်မှာထိန်းချုပ်ထားဆဲဖြစ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ပါ သက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီတပ်တွေနဲ့ပါ အလွတ်သဘော ထိတွေ့ဆက်ဆံမှု ပိုများလာနိုင်ခြေလည်းရှိပါတယ်။ ဒုတိယတချက်က တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြားဝင်မှုနဲ့ ကုန်သွယ်ရေးအလားအလာ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံသဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေဟာ လက် တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတာမို့ ပြဿနာမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ (၁) ပဋိပက္ခအရှိန်လျှော့ချရေး၊ (၂) ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေးနဲ့ (၃) ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရေးဆိုတဲ့ သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်ကို တွန်းနေတယ်လို့ ISP-Myanmar က အကဲဖြတ်ထားပါတယ်။ အဲဒီ သုံးပွင့်တခိုင်လမ်းစဉ်ထဲက တတိယအဆင့်ကြိုးပမ်းချက်တွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ အခု ဇွန်လအတွင်းမှာပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ရှမ်းပြည်နယ်ကိုသွားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နဲ့ တွေ့ဆုံတာ၊ နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့ တွေ့ဆုံကြတာတွေကိုကြည့်ရင် ရှမ်းပြည်အရှေ့ပိုင်းနဲ့မြောက်ပိုင်း တည်ငြိမ်ရေးဟာ ပိုပြီး အရှိန်ရလာနိုင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး ကုန်စည်စီးဆင်းတာတွေ ပိုဖြစ်လာနိုင်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်စီးပွားကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ MCITP ရဲ့ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်လာဖို့ ရှိပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်တာက တတိယအချက်ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်နှစ်ခုစလုံးမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ ဒါ့အပြင် မြစ်ဆုံဆည်ပြန်စဖို့ကိုလည်း ကာလတခုသတ်မှတ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါတွေ ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေနဲ့ သယံဇာတထွက်ရှိရာ လမ်းကြောင်းတွေကို အပြည့်အ၀ထိန်းချုပ်ထားနိုင်မှပဲ ဖြစ်နိုင်မှာပါ။ ဒါကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ဘက်၊ အနောက်ဘက်နဲ့ အလယ်ပိုင်းစစ်မျက်နှာစာတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်ပါတယ်။ PDF ကို ဒီလင့်မှာ ရယူနိုင်ပါတယ် https://ispmyanmar.com/community/wp-content/uploads/2026/06/OnPoint2026_05_Burmese.pdf
တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေးရထားလမ်းအပါအဝင် CMEC စီမံ ကိန်းတွေကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ချင်ပါတယ်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုနဲ့နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကလည်း အရေးပါပါတယ်။ တခါ မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့လိုလားချက်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံမြောက်ပိုင်းစစ်မျက်နှာစာက KIA ကို ဖိအားပေးရာမှာ အသုံးဝင်မယ့် အပေးအယူတခု (bargaining chip) ဖြစ်လာနိုင်တယ်လို့ ဇွန် ၂၀ ရက်ထုတ် The Economist မဂ္ဂဇင်းမှာ သုံးသပ်ထားပါတယ်။ လက်ငင်းရင်ဆိုင်နေရတဲ့ နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ခရီးစဉ်နှစ်ခုစလုံးမှာ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ခရိုနီ လုပ်ငန်းရှင်အဟောင်းတွေရော ခရိုနီလက် သစ်တွေကိုပါ ပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာနေရာပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဆီကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာဆို ‘မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း’ (MCITP) က စီစဉ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ကို ခမ်းခမ်းနားနား လုပ်ခဲ့ပါတယ်။ အိန္ဒိယကိုသွားတုန်းကလည်း ‘မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ’နဲ့ ‘မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ’ (Myanmar-India Business Dialogue) စတာတွေလုပ်ခဲ့ပေမဲ့ တရုတ်မှာ လုပ်သလောက် မကြီးမားခဲ့ပါဘူး။ အချက်အလက်တွေကို ကြည့်ရင်လည်း ၂၀၂၆ ခုနှစ် ပထမလေးလမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဝင်နှေးနေတုန်းပါပဲ။ တတိယတခုဖြစ်တဲ့ သံတမန်ရေးနဲ့ ဩဇာလွှမ်းမိုးမှုမှာလည်း ကွဲပြားချက်တွေရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံ အထီးကျန်ဆန်နေတာကို လက်တွေ့ကျကျ ပယ်ချလိုက်ခြင်း (pragmatic rejection of isolationism) ပဲလို့ EIU က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးအရထောက်ခံမှု (political endorsement) ပေးလိုက်တာလို့ ဆိုပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစနစ် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ဒီလိုပြောခဲ့တာမျိုး မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းကလို အကြီးစား စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ လက်မှတ်ထိုးတာမျိုးတော့ တရုတ်နိုင်ငံကမလုပ်ခဲ့ပါဘူး။ ဒါဟာ အရင်က လက်မှတ် ထိုးထားတဲ့ သဘောတူညီချက်တွေ အတည်ဖြစ်နေသေးတယ်၊ ထပ်ပြီးထိုးဖို့ မလိုသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုထဲမှာ မီဒီယာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ ငလျင်ပြန်လည်ထူထောင်ရေးတို့လို လက်တွေ့ဖော်ဆောင်ဖို့ လွယ်ကူတဲ့ အကြောင်းအရာတွေ များခဲ့ပါတယ်။ ဆွဲဆောင်မှုကိုအသုံးပြုတဲ့ ဩဇာအာဏာ (soft power) ကဏ္ဍတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဦး ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) နဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (GGI) တွေမှာ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောခဲ့တာတွေဟာ သတိပြုစရာပါပဲ။ ဦးမင်းအောင်လှိုင်အစိုးရအဖို့ နိုင်ငံတကာမှာ အထီးကျန်ဆန်မှုကနေ ရုန်းထွက်နိုင်ဖို့ပဲ အဓိကဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်ခံပေးမှုနဲ့အတူ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း မျှော်လင့်နိုင်ခဲ့ပါတယ်။ အိန္ဒိယကို အရင်သွားခဲ့ပေမဲ့ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို ချိန်ခွင်လျှာညှိနိုင်ဦးမှာ မဟုတ်ပါဘူး။ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ ဒေသတွင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းနေတဲ့ မဟာဗျူဟာတရပ်လို့လည်း ယူဆနိုင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန် ၈ ရက်နဲ့ ၉ ရက်တွေမှာ မြောက်ကိုရီးယားနိုင်ငံကို သွားခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် (Tarique Rahman) က ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ပထမဆုံးခရီးသွားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးကို တရုတ်နိုင်ငံဘက်က အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (လက်ရှိ ဆီးနိတ် ဥက္ကဋ္ဌ) ဆုမ်ဒက်တက်ချို ဟွန်ဆင် (Hun Sen) ကလည်း ဇွန်လကုန်ပိုင်းမှာပဲ တရုတ်နိုင်ငံကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ■ ဖြစ်တန်ခြေအကဲဖြတ်ချက်
လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ______________________ ISP On Point 2026 OP2026-05 | June 29, 2026 ဦးမင်းအောင်လှိုင်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးကို နိုင်ငံရေးနှင့် စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါသည်။ ■ ဖြစ်ရပ်အချက်အလက် မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ပြီး နှစ်လအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမှာ သံတမန်ရေးရာအထီးကျန်နေရတာကနေ ရုန်းထွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ■ ကနဦးသုံးသပ်ချက် အာဏာသိမ်းပြီးနောက် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပထမဆုံးသွားခွင့်ရခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ တတိယအကြိမ် ရောက်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ခရီးစဉ်ဟာ အရင်တုန်းကလို အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ရောပြီး အဖိတ်ခံရတဲ့ ခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့် သီးသန့် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ် [ခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ISP ဒေတာအချက်အလက် ၅၀/၂၀၂၆ (ISP-DM2026-050)တွင်ရှုပါ]။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မတူညီတဲ့ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့အကျိုးစီးပွားတွေကို ဒီခရီးစဉ်တွေမှာ မြင်ရပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ မျှော်မှန်းချက်နဲ့ အကျိုးစီးပွားတွေကိုလည်း တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၅၁/ ၂၀၂၆ ကနေ ၅၃/၂၀၂၆ (ISP-DM2026-051 to 053) အထိရှုပါ]။ ဒီကွဲပြားချက်တွေကို ကဏ္ဍသုံးခုခွဲပြီး သုံးသပ်နိုင်ပါတယ်။ ပထမတခုက မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ချဉ်းကပ်မှုဟာ သူ လက်ကိုင်ပြုထားတဲ ‘အိမ်နီးချင်းဦးစားပေးမူဝါဒ’ (Neighborhood First Policy)၊ ‘အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ’ (Act East Policy) နဲ့ ‘အပြန်အလှန်အမှီသဟဲပြုပြီး ဘက်စုံလွှမ်းခြုံသောမူဝါဒ’ (မဟာသာဂရ - Mahasagar) တွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာတာကို ပူပန်သလို အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကိုလည်း အာရုံ စိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတွေအပေါ် အဓိကအခြေခံပါတယ်။ တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်စချင်နေပါတယ်။ ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မရှိမဖြစ် ကြားဝင်စေ့စပ်ပေးသူ (indispensable broker) အဖြစ် တိုက်ရိုက်ပါဝင်နေသလို မြန်မာ့အရေးကိုင်တွယ်မှုမှာ အင်အားသုံးလွှမ်းမိုးနိုင်စွမ်း (coercive influence) ကိုလည်း လက်ကိုင်ပြုထားပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရက လက်ရှိမှာ ရခိုင်နဲ့ ချင်းအပြင် စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ အနောက်ဘက်စစ်မျက်နှာစာတွေမှာ အသာစီးရနိုင်ဖို့ ရည်မှန်းထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာစာ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို နိုင်ငံရေးနဲ့ စစ်ရေးထိုးစစ်အဖြစ် အသုံးချလိုပြီး တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်း မလွှဲမရှောင်သာ အားထားနေရပါတယ်။ ဒုတိယတခုကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေ ဖြစ်ပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ အကောင်အထည်ဖော်ရေး စတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အဓိကအကျိုးစီးပွားတွေပါ။ နှစ်နိုင်ငံကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးချဲ့နိုင်ဖို့နဲ့ ကျပ်-ရူးပီး တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေဟာလည်း ရှေ့တန်းရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာဆီကနေ ဗျူဟာမြောက်မြေရှားသတ္တု ရနိုင်ဖို့လည်း အထူးစိတ်ဝင်စားခဲ့ပါတယ်။ လန်ဒန်အခြေစိုက် The Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းဟာ မြန်မာ နိုင်ငံကနေထွက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ မြန်မာကတဆင့် ထောက်ပံ့ရေးကွင်းဆက်သစ်အဖြစ် ဖန်တီးချင်နေပါတယ်။ ဒါပေမဲ့ မြေရှားတူးဖော်မှုလုပ်ငန်းတွေကို တရုတ် ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့အပြင် စျေးကွက်ရပ်တန့်သွားအောင် ဖိအားပေးနိုင်စွမ်းလည်း ရှိတယ်လို့ EIU က ထောက်ပြထားပါတယ်။ တဖက်မှာလည်း မြေရှားလုပ်ကွက်အများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။
без подписи
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] #ISP_Column
စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ ______ ■ ဟိတေ [ဟိတေသည် ISP-Myanmar ၏ Capacity Building Program က လူငယ်သုတေသီဖြစ်သည်] အညာရာသီဥတုက မိုးဦးဆိုပေတဲ့ တအားကို ပူပြင်းလှပါတယ်။ ဒါပေမဲ့ အညာမြေက မိဘတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ရင်ထဲက အပူလှိုင်းကတော့ ရာသီဥတုထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေလိမ့်မယ် ထင်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မကြာသေးခင်က ပြန့်လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ရဲ့ ပညာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဖတ်လိုက်ရတော့ သက်ပြင်းချရင်း ညည်းတွားမိပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာတဲ့အထိ မြန်မာ့ပညာရေးလောကဟာ စစ်မြေပြင်တခုလို ဖြစ်နေတုန်းပါပဲ။ အညာက စာသင်ခန်းတွေရဲ့ အခြေအနေကို ကြည့်ရင် စစ်တပ်က လက်နက်အားကိုးနဲ့ ဖျက်ဆီးနေတာတွေ၊ နောက်တဖက်ကလည်း စည်းကမ်းဆိုတဲ့ ခေါင်းစဉ်အောက်က ဖိအားတွေကြားထဲမှာ ကလေးတွေရဲ့ အနာဂတ်ဟာ ကျပ်ညပ်နေတာကို တွေ့ရမှာပါ။ ပထမဆုံးအနေနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားရမယ့် မူဝါဒတခု ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ "ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေးတရပ်ဖြစ်တယ်၊ အတားအဆီးမရှိသင့်ပါ" ဆိုတဲ့ အချက်ပါပဲ။ ပညာသင်ယူပိုင်ခွင့်ဆိုတာ လူသားတယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေးဖြစ်ပြီး ဘယ်လိုနိုင်ငံရေး၊ စစ်ရေးအကျိုးအမြတ်အတွက်မှ ပေါင်နှံလို့မရ၊ ပိတ်ပင်လို့မရတဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ အညာဒေသမှာ ကလေးတွေ စာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးနေရတာကို ဖြစ်စေတဲ့ အဓိက တရားခံကတော့ စစ်တပ်ရဲ့ ရက်စက်လွန်းတဲ့ ထိုးစစ်တွေပါပဲ။ စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးတာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကလေးတွေခမျာ စာသင်ခုံမှာ အေးအေးလူလူ မထိုင်ရဘဲ မိဘတွေနဲ့အတူ တောထဲတောင်ထဲ ပြေးလွှားပုန်းအောင်းနေရတာ ဒီနေ့အထိပါပဲ။ မြေအောက်ကျောင်းတွေပါ ဆောက်ပြီး စာသင်နေတဲ့အဖြစ်ပါ။ စစ်တပ်က လုပ်နေတဲ့ ဒီလိုထိုးစစ်တွေဟာ ကလေးတွေ စာသင်ဖို့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ပိတ်ဆို့ဖျက်ဆီးပစ်နေတာပါပဲ။ ဒါပေမဲ့ ဒီလို စစ်ဘေးဒဏ်တွေကြားထဲကမှ ကလေးတွေကို စာသင်စေချင်တဲ့ မိဘတွေရဲ့ စိုးရိမ်စိတ်ကို နောက်ထပ် အကျပ်ရိုက်စေတာကတော့ တော်လှန်ရေးဘက်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ ထုတ်ပြန်လိုက်တဲ့ အမိန့်တွေပါပဲ။ "စစ်ကောင်စီကျောင်းတက်တဲ့ ကလေးတွေကို ရွာထဲ ပေးမဝင်ဘူး"၊ "ကျောင်းအပ်ဖို့ ကူညီတဲ့သူတွေကို အရေးယူမယ်" ဆိုတဲ့ အမိန့်တွေက စစ်တပ်ရဲ့ထိုးစစ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ ပညာသင်ခွင့်ကို နောက်ထပ်နည်းလမ်းတခုနဲ့ ပိတ်ဆို့လိုက်ပြန်ပါတယ်။ စစ်တပ်ရဲ့ သေနတ်ဒဏ်ကို ကြောက်လို့ ပြေးနေရတဲ့ ကလေးတွေဟာ အခုတော့ ကိုယ့်လူထုအသိုက်အဝန်းရဲ့ အမိန့်ဒဏ်ကိုပါ ထပ်ပြီး ခံနေရတဲ့ သဘောပါ။ ဒီနေရာမှာ ကျနော်တို့ အလေးအနက် ဆင်ခြင်သုံးသပ်ရမယ့်အချက်က CDM (Civil Disobedience Movement) ရဲ့ သဘောသဘာဝနဲ့ အခုနောက်ပိုင်းဖြစ်လာတဲ့ လူမှုရေးပြဿနာတွေပါပဲ။ စစ်အာဏာသိမ်းစက CDM ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် တုံ့ပြန်ခဲ့ကြတဲ့ မဟာဗျူဟာမြောက် သပိတ်မှောက်လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို အခြေအနေအလျောက် ပညာသားပါပါ နှုတ်ခမ်းမသပ်နိုင်ခဲ့ကြတဲ့အခါ ကြီးမားတဲ့ လူမှုရေးဒဏ်ရာတွေအဖြစ် ပြောင်းလာပါတော့တယ်။ CDM ကို လှုပ်ရှားမှုအရွေ့တခုအနေနဲ့ နှုတ်ခမ်းမသပ်နိုင်ဘဲ သရုပ်လက္ခဏာ (identity) အသွင်ပြောင်းလာတဲ့အခါ ပဋိပက္ခက ပိုဆိုးသွားပါတော့တယ်။ "ငါတို့က CDM" ၊ "သူတို့က Non-CDM" ဆိုပြီး လူ့အသိုက်အဝန်းအတွင်းမှာ မျဉ်းပြိုင်ကြီးတွေ သားလိုက်ကြပါတယ်။ ဒီ identity ပဋိပက္ခဟာ အညာမြေက စာသင်ခန်းတွေအထိပါ ကူးစက်လာပြီး ကလေးငယ်တွေရဲ့ ပညာရေးကို အမုန်းတရားတွေ၊ ခြိမ်းခြောက်မှုတွေကြားထဲ ညပ်စေခဲ့ပါပြီ။ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စာသင်ရခက်ခဲနေတဲ့ ကလေးတွေကို စာနာမှုမပြဘဲ ကလေးတယောက် ကျောင်းတက်ခြင်း၊ မတက်ခြင်းကို နိုင်ငံရေးအရ သစ္စာစောင့်သိမှု ရှိ၊ မရှိ တိုင်းတာတဲ့ ကိရိယာလို သတ်မှတ်နေတာဟာ တော်လှန်ရေးအနှစ်သာရကိုပါ ပျက်စီးစေပါတယ်။ ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။ ပညာသင်ကြားခွင့်ဟာ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရှိရပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေတွေ၊ အမိန့်အာဏာတွေနဲ့ စစ်မက်ပဋိပက္ခတွေကြားထဲမှာ ရုန်းကန်ရှင်သန်နေရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကိုယ့်နိုင်ငံရေးလိုဘအတွက် အပေါင်ခံပစ္စည်းအဖြစ် အသုံးမချဖို့ ဘက်အသီးသီး၊ အဖွဲ့အသီးသီးက သတိပြုရပါလိမ့်မယ်။
без подписи