- Последний пост
- 25 окт.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး အား ဖူးမြော်နိုင်မည့် - နေရာ နှင့် အချိန် - နေရက်များ🙏 🔹 ယနေ့ (24 .10 .2025) နေ့တွင် နေပြည်တော် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်သို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ( ၅ )နာရီအချိန်၌ ကြွရောက်တော်မူပါသည် ။ 🔹 ဆရာတော်ဘုရားကြီး အား နေပြည်တော် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ နံနက်ခင်း ၉:၀၀ တိတိ တကြိမ်သာ ဖူးမြော်နိုင်ပါသည်။ (၂၇-၁၀-၂၅ မှ ၃၀-၁၀-၂၅ )ရက်နေ့ အထိ ဖူးမြော်ရန် လာရောက်ဖူးမျှော်သူများမှလည်း mask များ တပ်ဆင်လာကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ Crd- ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်
ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညိုနိုင်ပါသည်။ --------------------------------- ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နေ့မှ ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နေ့အထိ မနက် ၇:၀၀ နာရီ တစ်ကြိမ် နေ့လည် ၁၂:၀၀ နာရီ တစ်ကြိမ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိဟိုတယ်ဇုံ (၂)၊ ခွါညိုပန်းဝိုင်းအနီး ရာဇသင်္ဂဟလမ်း နှင့် နေပြည်တော် - တပ်ကုန်း အမှတ်(၂)လမ်း နေပြည်တော် တွင် ပါမောက္ခချုပ်ဆရာတော်ကြီး အား ဖူးမြှော်ကြည်ညိုနိုင်ပါသည်။
လူတစ်ယောက်အပေါ် မှာ မုန်းတီးတဲ့အတွေး ပေါ်လာရင် ဘာနဲ့ဖြေရှင်းမလဲ။ မြတ်စွာဘုရားက မေတ္တာပွားလိုက်ပါတဲ့။ သူ့အကျိုးလိုလားတဲ့ စိတ်ကို ထားနိုင်အောင် ကြိုးစားပါတဲ့။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း ဖြင့် ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲမှာ ပူလောင်နေတဲ့ ဗျာပါဒမီးကို ငြိမ်းပါလို့ ပြောတာ၊ ဒါက သက်ရှိမှာ မေတ္တာထားနိုင်အောင် ကြိုးစားတာ။ မေတ္တာထားဖို့ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူးနော်။ အမုန်းစိတ်ဆိုတာ ဖျောက်ဖို့တော်တော်ခက်တယ်။ အမုန်းစိတ်ပြင်းထန်လာပြီ ဆိုရင်မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ နည်းပေးထားတယ်။ မေတ္တာပွားတဲ့။မေတ္တာပွားလို့ မရရင် ကရုဏာ ထား။ မရရင် ကံကံ၏အကျိုးကို တွေးလိုက်။ သူလည်းသူ့ကံနဲ့သူလာတာငါလည်း ငါ့ကံနဲ့ငါလာတာ မုန်းနေရော ဘာဖြစ်မှာတုံး။ သူကံကောင်းရင် အကျိုးကြီးပွားမှာပဲ။ သူ့ကံနဲ့သူ၊ငါလည်း ငါ့ကံနဲ့ငါလို့ ကံကို တွေး လိုက်တဲ့။ အဲဒီလိုမှ မရရင် ဘာလုပ်ရ မတုံးဆိုတော့မေ့ပစ် လိုက်တဲ့။ နောက်ဆုံးက မေ့ပစ်လိုက်တဲ့ဘယ်နည်းပဲဖြစ်ဖြစ် ပျောက်ဖို့ရာ အဓိကမဟုတ် လား။ ရင်ထဲ နှလုံးထဲမှာ ပူလောင် စေတတ်တဲ့ ဒေါသရဲ့ အတွေးတွေကိုလည်း အဲဒီ နည်းနဲ့ ဖြေ ဖျောက်ရမယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် တို့ သည်“ကံကြမ္မာရဲ့ ရုပ်ပုံလွှာ” ဆိုတာဒီဘဝမှာ ဘုန်း ကြီး တို့တစ်တွေ ရထားတဲ့ ရုပ်ပုံလွှာသည် ဘယ်သူကပေးထားတဲ့ ရုပ်ပုံလွှာတုန်း? ကံကြမ္မာက ပေးထားတဲ့ ရုပ်ပုံလွှာတဲ့။ ကံကြမ္မာက ပေးထားတဲ့ရုပ်ပုံလွှာကို ရကြမှာဖြစ်သောကြောင့် မိမိတို့သည် ကောင်းတာလုပ်လည်း ကိုယ်နဲ့ပဲ သက်ဆိုင်တယ်၊မကောင်းတာလုပ်လည်း ကိုယ်ပဲ အမွေခံရမယ်။ ကမ္မဒါယာဒါ ကံအမွေကို အားလုံးခံကြရမှာ ဖြစ်တယ်။ ကံကြမ္မာကပေးတဲ့ ရုပ်ပုံလွှာမှာ အရုပ်ဆိုးအကျည်း တန် ဘဝမှာ အခြေအနေမကောင်းတဲ့ အနေ အထားမျိုး မရစေရအောင် အခုအချိန်ကစပြီး သတိကြီးစွာထားပြီး ကောင်းတဲ့ကံတွေ မိမိတို့သန္တာန်မှာဖြစ်အောင်အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။ ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏
ဆူကြုံနိမ့်မြင့် တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အနေအထား ရောက် သွားအောင်ဘယ်သူ ကခွဲခြားတုန်းဆိုရင် ကံက ခွဲခြား ပေးတယ်တဲ့... သံသရာကျင်လည်နေရတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ် တိုင်းဟာ အတိတ်ဘဝတွေက မိမိတို့ လုပ်ခဲ့တဲ့ ကောင်းကံ မကောင်းကံတို့ရဲ့ ကောင်းမွေဆိုးမွေတွေကိုခံယူကြရတယ်။ ထိုကံများကပေးတဲ့ ရုပ်ပုံလွှာများကို ရရှိကြတာ ဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် ရုပ် ရည်ရူပကာယ မတူဘူးဆိုတာ အဲဒီသဘောကို ဆောင် တာပါ။ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံဟာ တကယ့် Creator ဖန်ဆင်းရှင်အစစ်ဖြစ်တယ်။ မိမိလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့ လူလာ ဖြစ် လာ ကြတယ်။ လူဖြစ်လို့ရှိရင်လဲ ပုံစံအမျိုးမျိုး ရုပ်လှတဲ့လူရှိသလို ရုပ်ဆိုးတဲ့ လူရှိတယ်။ အရပ်ထွားတဲ့လူရှိသလို အရပ်ပုတဲ့လူရှိတယ်။အသားမဲတဲ့လူရှိသလိုအသားဖြူတဲ့လူရှိတယ်။ ဒီအနေအထားတွေရဲ့ အခြေခံအကြောင်းတရားဟာ ဘယ်သူလဲလို့ဆိုရင် ကံကြမ္မာပဲ။ မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံပဲ။ ကုသိုလ်ကံ အကုသိုလ်ကံလို့ ဆိုတာဟာအကြမ်း ဖျင်း နည်းနည်းစဉ်းစားပြီး ကြည့်မယ်ဆိုရင်စိတ် ထဲမှာဖြစ်ပေါ်တဲ့ အကုသိုလ်ကံက သုံးမျိုး၊ စိတ်ထဲမှာဖြစ်ပေါ်တဲ့ ကုသိုလ်ကံက သုံးမျိုး၊ ဒါကိုပဲ မနောကံလို့ပြောတာ။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ကံတွေ စိတ်ထဲဖြစ်ရုံ နဲ့ပဲ ထိုကံဟာမိမိရဲ့ စိတ်အစဉ်ထဲမှာ ကိန်းဝပ်သွား တယ်တဲ့။ အကျိုးတရားကို ထုတ်လုပ်နိုင်တဲ့ စွမ်းအားတွေ ရရှိပြီးတော့သွားတယ်။ မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံ၊စိတ်နဲ့ပြုလုပ်တဲ့အကုသိုလ်ကံ သုံးမျိုးဆိုတာ ဘာတုန်းဆိုရင် အဘိဇ္စျာဗျာပါဒ မိစ္ဆာဒိဋ္ဌိ တဲ့ သုံးခုနော်။ အဘိဇ္ဈာလို့ ဆိုတဲ့စကားလုံးကပါဠိစကားလုံးဖြစ် နေတယ်။မြန်မာလိုပြောလို့ရှိရင် အဘိဇ္ဈာဆိုတာ သူ များပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘစိတ်နဲ့ကြံတွေးခြင်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ သူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်အောင်လုပ်ဖို့ စိတ် ကူးနေတာ ဘာနဲ့စိတ်ကူးတာတုန်း၊ လောဘနဲ့ စိတ် ကူးတာ။ အဲဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲ သူက ကံအရာမြောက်သွားတယ်တဲ့။အဲဒါကြောင့် မနောကံခေါ်တာ။ပါးစပ်က ထုတ် မပြောချင်နေ၊လက်နဲ့မလုပ်ချင်နေ၊ စိတ် ကူး လိုက်ရုံနဲ့ပဲအဲဒီဟာ ကံအရာမြောက်သွားတယ်။ သူများပစ္စည်းကိုကိုယ့်ပစ္စည်း ဖြစ်လိုမှုဆိုတဲ့ ကြံတွေး မှုသည် အဘိဇ္ဈာ။ နောက်တစ်ခုက ဗျာပါဒ တဲ့၊ဗျာပါဒ ဆိုတာက ပင် ကိုယ်အနေအထားက စိတ်ဖောက်ပြားနေတဲ့ အခြေ အနေ တစ်ခု။ဗျာပါဒ ဆိုတဲ့ တရားဟာ ဒေါသပဲ။သို့သော် ရိုးရိုးဒေါသမဟုတ်ဘူး။ နောက်တစ်ခုက ဘာတုန်းဆိုရင် မိစ္ဆာဒိဋ္ဌိ၊မှားမှား ယွင်းယွင်း တွေးခေါ်မြော်မြင်မှု။ သက်ဆိုင်ရာအကြောင်းတရားခြင်း ပေါင်းစုံမိသွားတဲ့အခါ သူကလဲအကျိုးကို ထုတ်လုပ်နိုင်တယ်၊ဒါကို အကုသိုလ် မနောကံလို့ ခေါ်တာ။ မြတ်စွာဘုရားက“ကမ္မံသတ္တဝိဘဇတိ၊ယဒိဒံဟီန ပဏီတတာယ”ဆူကြုံနိမ့်မြင့် တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အနေအထား ရောက် သွားအောင် ဘယ်သူကခွဲခြားတုန်းဆိုရင် ကံက ခွဲခြား ပေးတယ်တဲ့။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောခဲ့တာ။ မြတ်စွာဘုရားက ဟောတာက ရှေးရှေးက သူတော် စင် တွေ ဟောခဲ့တဲ့စကားကို တဆင့်မှတ်သားပြီးတော့ ဟောတာမျိုး မဟုတ်ဘူး။ ရှေးရှေးဘုရားတွေကနေ ဟောခဲ့တဲ့ တရားတွေကိုမှတ်သားလေ့လာပြီးတော့ ဟောတာ မဟုတ်ဘူး။ စာအုပ်စာတမ်းတွေကို ဖတ်ပြီးတော့ ဟောတာလဲမဟုတ်ဘူး။ ” မြတ်စွာဘုရားဟောတယ်ဆိုတာဘုရားကိုယ်တိုင် တရားဓမ္မကို ကျင့်သုံးလို့ ဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်ရတယ်။ ထိုဒိဗ္ဗစက္ခုနဲ့ အလားသန္တာန်တူပြီးတော့ ထိုဒိဗ္ဗစက္ခုကိုအမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ယထာကမ္မူပဂဉာဏ်ဆိုတာရတယ်။ ကံတွေရဲ့ အကြောင်းကိုသိတဲ့ဉာဏ်ဟာ တွဲဖက် ပြီးတော့ ပါလာတယ်၊“ဒါလုပ်ရင် ဒါဖြစ်တယ်၊ ဟိုဟာ လုပ်ရင် ဟိုဟာဖြစ်တယ်” ဆိုတာသံသရာမှာလည်နေတဲ့ သတ္တဝါတွေကို ကြည့်ပြီး ဒီသတ္တဝါကတော့ဒါလုပ်လို့ ဒီရုပ်ပုံလွှာကို ရတယ်၊ဟိုသတ္တဝါက ဟိုဟာလုပ်လို့ ဟိုရုပ်ပုံလွှာကိုရတယ်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင် မြင်တယ်။ တယ်လီဗီးရှင်းကို ကြည့်နေရသလို ကိုယ်တိုင်အသိဉာဏ်နဲ့ သိပြီးတော့ မြတ်စွာဘုရားက ဟောတာ။ရမ်းဟောတာ တစ်ခုမှမပါဘူး။ Traditionထရပ်ဒီရှင်း-အစဉ်အလာအရ ဟောတာလဲမဟုတ် ဘူး၊တစ်ဆင့်ကြားစကားကို ဟောတာလဲ မဟုတ်ဘူး။ ကိုယ်တိုင်သိပြီးတော့ မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်က ဟောတော်မူတာ ဖြစ်တယ်။ ယထာကမ္မူပဂဉာဏ်တော်လို့ ခေါ်တယ်။ ကံ,ကံ၏အကျိုးတွေကို ကိုယ်တိုင်သိမြင်ပြီး သတ္တဝါတွေရဲ့အနေအထားဟာ ဒီသတ္တဝါဟာ ဘာကြောင့် အခုလိုဒုက္ခရောက်နေရသလဲ ကြည့်လိုက်တဲ့အခါ သော်ဒီသတ္တဝါဟာ လွန်ခဲ့တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာကိုအကျိုးတွေကိုကြည့်ပြီး အကြောင်းကို ရှာလိုက်တဲ့အခါမှာ သေချာ ပေါက်တွေ့တယ်။ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခု ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဘယ်တုန်းက ဘာလုပ်ခဲ့တယ်။ ဒါကြောင့် ဒါဖြစ်နေတယ်ဆိုတဲ့ ကံရဲ့ အရိပ် အယောင် တွေ အားလုံးကို မြတ်စွာဘုရားက ဖော် ထုတ်တာ။ဒါကို ယထာကမ္မူပဂဉာဏ် လို့ ခေါ်တယ်။ ကံအားလျော်စွာ သတ္တဝါတွေဟာ ဖြစ်ပေါ်ပြီးတော့နေရတယ်။ ကံကြမ္မာရဲ့ ရုပ်ပုံလွှာတွေအတိုင်းပဲ လူ့လောက မှာ ဖြစ်နေကြရတယ်ဆိုတာကို ပြောတာပါ။
🔆 ယနေ့ဓမ္မမှတ်စု ▪️ကုသိုလ်မှန်သမျှဟာ မှန်ကန်ကောင်းမွန်စွာနှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရကိုအခြေခံတယ်။ ▪️မနာလိုစိတ်မမွေးနဲ့၊ သာဓုမခေါ်နိုင်တဲ့ ဘဝ ရောက်တတ်တယ်။ ဘဝဆိုတာ… အဆင်ပြေတဲ့အခါ ရှိတယ်။ အဆင်မပြေတဲ့အခါ ရှိတယ်။ ▪️အဆင်ပြေတဲ့အခါ… မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။ ▪️အဆင်မပြေတဲ့အခါ… စိတ်ဓာတ်မကျဘဲ သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီး ကျော်ဖြတ်ပါ။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏
ကိုယ်အိမ်ထောင်ပြုထားတာမဟုတ်တဲ့ အမျိုးသမီး မဟုတ်တဲ့ အမျိုးသမီးနှစ်ဆယ်ဟာ ကိုယ်နဲ့မပက်သက်ရဘူး။မပက်သက်ရတဲ့အမျိုးသမီးတွေ နဲ့ ပက်သက်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံ မြောက်တယ်တဲ့။ ကာမေသုမိစ္ဆာစာရကံထိုက်တယ်။ ဒီလိုဆိုတာပေါ့။သူ့အင်္ဂါရပ်တွေ ညီသွားရင် ကာမေသုမိစ္ဆာစာရကံ မြောက်သွားတယ်။ #ပါချုပ်ဆရာတော်
ကိုယ်အိမ်ထောင်ပြုထားတာမဟုတ်တဲ့ အမျိုးသမီး၊အမျိုးသမီးနှစ်ဆယ်ဟာ ကိုယ်နဲ့မပက်သက်ရဘူး။မပက်သက်ရတဲ့အမျိုးသမီးတွေ နဲ့ ပက်သက်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံ မြောက်တယ်တဲ့။ ကာမေသုမိစ္ဆာစာရကံထိုက်တယ်။ ............................................................. မြတ်စွာဘုရားရဲ့ကာမေသုမိစ္ဆာစာရနဲ့ပက်သက်တဲ့ဟောကြားချက်လေးကိုမှတ်ရအောင်။ ကာမေသုမိစ္ဆာစာရီဟောတိ တဲ့ ကာမကိစ္စတွေ ဇနီးမောင်နှံလိုမျိုး ကိစ္စတွေမှာ မှားမှားယွင်းယွင်း ကျင့်တယ် ဆိုတာ ဘာလဲ။ ဒီနေရာမှာ အဓိက အားဖြင့်အမျိုးသားတွေကို ဦးတည်ပြီးတော့ ဟောထားတာ။မြတ်စွာဘုရားက။ သို့သော် အမျိုးသမီးနဲ့သက်ဆိုင်တဲ့အပိုင်းကို နောက်ကိုမှတ်သားဖို့လိုတယ်။ အမျိုးသားတွေ အနေ နဲ့က ပထမမှတ်ရမှာက မြတ်စွာဘုရားဟောတဲ့ စကားလုံးလေးကို အရင်မှတ်ရအောင်။ ကာမေသုမိစ္ဆာစာရီဟောတိ ယာတာမာတုရက္ခိတာ အမျိုးသမီးဟာ အမေရဲ့ ပြုစုမှုအောက်မှာ ထိန်းသိမ်းမှုအောက်မှာ ရှိတယ် ယာတာပိတု ရက္ခိတာ အဖေရဲ့ထိန်းသိမ်းမှုအောက်မှာ ရှိတယ်။ အမေသာရှိရင် အမေရဲ့ ထိန်းသိမ်းမှုအောက်ပေါ့ ၊အဖေသာ ရှိတော့တယ် ဆိုရင် အဖေရဲ့ ထိန်းသိမ်းမှုပေါ့။ မာတာပိတု ရက္ခိတာ မိဘနှစ်ပါးရဲ့ထိန်းသိမ်းအုပ်ချုပ်မှု အမေလည်းရှိသေးတယ် အဖေလည်း ရှိသေးတယ်။ ကဲ မိဘ တွေက မရှိတော့ဘူးဆိုရင် ဥာတိရက္ခိတာ ဘာတုရက္ခိတာ အစ်ကိုတွေရှိတယ် မောင်တွေ ရှိတယ်။ အစ်ကို မောင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိတယ်။ အစ်ကို၊မောင် လည်း မရှိဘူး ဆိုရင် ဘဂိနိရက္ခိတာ ညီမ ရှိတယ် အစ်မရှိတယ်။ ညီမ အစ်မတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာ ရှိတယ်။ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးမှန်သမျှဟာ ထိန်းသိမ်းမှုအောက်မှာ ရှိနေတာ ချည်းပဲ။ရှိနေတယ် လွတ်ကင်းတယ်လို့ မရှိဘူးနော်။ နောက်တစ်ခုကျတော့ ဉာတိရက္ခိတာ မိမိနဲ့ဆွေမျိုးသားချင်းတွေ အရင်းအချာတွေမရှိတော့ဘူးဆိုရင် မိသားစု အရင်းအချာမရှိတော့ဘူးဆိုရင် ဉာတိရက္ခိတာ အမေ့ဘက်က အမျိုး အဖေ့ဘက်ကအမျိုး ဆွေတွေမျိုးတွေရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိတယ်။ ကဲ ဆွေတွေ မျိုးတွေ လည်း မရှိတော့ဘူးဆိုရင် ဂတရက္ခိတာ ကိုယ်နဲ့အမျိုးတူအနွယ်တူ မြန်မာလူမျိုးဆို မြန်မာတွေရဲ့ စောင့်ရှောက်မှု တရုတ်လူမျိုးဆို တရုတ်လူမျိုးအချင်းချင်းရဲ့ စောင့်ရှောက်မှု၊အိန္ဒိယဆို အိန္ဒိယ လူမျိုးအချင်းချင်းရဲ့ စောင့်ရှောက်မှု၊ ဂတရက္ခိတာ အနွယ်တူ ဒီလို ဆိုတာပေါ့ နော်။ အဲ့တာတွေလည်း ဘာမှ မရှိတော့ဘူးဆိုရင် ဓမ္မရက္ခိတာ တရားကျင့်ဖော်ကျင့်ဖက်။ ဆိုပါစို့ မယ်သီလရှင် ဝတ်သွားပြီ သာသနာဘောင်ဝင်သွားပြီ၊ဓမ္မရက္ခိတာ တရားကျင့်ဖော် ကျင့်ဖက်၊သီတင်းသုံးဖော် သုံးဖက် တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု။ ဒီလို ဆိုတာ။အဲ့ဒီရဲ့ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိတယ်။ နောက်တစ်ခုကျတော့ သသာမိက အိမ်ထောင်ရှင် ရှိပြီးသားဖြစ်တယ်။ဒါကျတော့ ခုနက အမျိုးသမီးတွေက အပျိုတွေ၊အခု နံပတ် ၉ကျတော့ သသာမိက တနည်းအားဖြင့် သာရက္ခ ပိုင်ဆိုင်သူ ရှိတယ်။ ဆိုလိုတာ က သသာမိက အမျိုးသားယောကျာ်းရှိပြီးသား ဖြစ်တယ် အိမ်ထောင်ချပြီးသားဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ တစ်ခါတစ်ခါ မိဘတွေ သဘောတူညီချက်နဲ့ ကလေးမလေးတွေ ၁၀ ၁၁ ၁၂ နှစ် အရွယ်လေးတွေမှာ သို့မဟုတ် မွေးပြီး သိပ်မကြာခင်ပဲ အိမ်ထောင်ချထားတာတွေရှိတယ်။ အိမ်ထောင်ချတယ်ဆိုတာ ငယ်ငယ်လေးတည်းကနေပြီးတော့ မင်္ဂလာဆောင်ပေးထားတာပေါ့နော်။ဒီလိုပေးထားတာတွေရှိတယ်ပေါ့။ အဲ့တာတွေကို သာရက္ခသသာမိကလို့ ခေါ်တယ်ပေါ့။ နောက်တစ်ခု က ဘာတုန်းဆိုရင်(သပရိဒန္တာ) သပရိဒန္တာဆိုတာ အမျိုးသမီးတစ်ယောက်နဲ့ပက်သက်ပြီးတော့ အာဏာပိုင်မင်းတွေကနေ ဒီအမျိုးသမီးနဲ့ပက်သက်ပြီး ကာမ မဆက်ဆံရဘူးလို့ ဆက်ဆံရင် အပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပြီးတော့ သတ်မှတ်ထားတဲ့အမျိုးသမီးမျိုး၊ အဲ့ဒီလိုအမျိုးသမီး ဆယ်ယောက်ထဲက တစ်ယောက်ယောက်ကို တထာရူပါသု စာရိတ္တံ အပစ္ဆိတာဟောတိ ။ အဲ့ဒီဆယ်မျိုးသော အမျိုးသမီးတွေမှာ ကာမကိစ္စ စပ်ယှက်ပြီဆိုရင်တော့ ကာမေသုမိစ္ဆာစာရာကံဖြစ်တယ်လို့ ဒီလိုပြောတာနော်။ ကာမေသုမိစ္ဆာစာရာဖြစ်သွားပြီ။ အဲဒီမှာယောကျ်ားတွေ အမျိုးသားတွေဟာ ဟောဒီအမျိုးသမီးဆယ်ယောက်လုံးနဲ့ ပက်သက်ရင် ကာမေသုမိစ္ဆာစာရာ ကံထိုက်နေပြီ။ဒီလိုဆိုလိုတယ်နော်။ ကာမေသုမိစ္ဆာစာရကံထိုက်တယ် ဖလဒါယ ကံထိုက်လာတယ်။ နောက်တစ်ခု ကျတော့ ပရဒါရ ပါထိုက်လာတယ်။ အမျိုးသမီးတွေကျတော့ အခု နောက်ဆုံးနှစ်ယောက် ငယ်စဥ်က အိမ်ထောင်ချထားတာပဲဖြစ်စေ၊တစ်ဦးက တစ်ဦးလက်စွပ်ပေးထားတာ သို့မဟုတ် ပန်းကုံးပေးထားတာပဲ ဖြစ်စေ၊အဲဒီအမျိုးသမီးနှစ်ယောက်ကျတော့ ကျန်တဲ့အမျိုးသား တွေကို လက်ခံရင် ကာမေသုမိစ္ဆာစာရ ကံ ဖြစ်တယ်ပေါ့။ ဒီလိုမှတ်ရမယ်။ အမျိုးသားတွေကျတော့ ဆယ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်။ အမျိုးသမီး နောက်ဆုံးနှစ်ယောက်သည် ကျန်တဲ့အမျိုးသား မိမိနှင့် လက်ဆက်ထားတဲ့အမျိုးသား၊လက်စွပ်ပေးထားတဲ့ အမျိုးသားက လွဲ၊ကျန်တဲ့ အမျိုးသားတွေနဲ့ ဆိုရင် ကာမေသု မိစ္ဆာစာရာ ဖြစ်တယ် လို့ ဒါက မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း မှတ်သားထားဖို့၊ အဲ့တော့ ပက်သက်ရမယ့် အမျိုးသမီးရှိသေးလားဆိုတော့ ကိုယ် အိမ်ထောင်ပြုထားတဲ့အမျိုးသမီးတစ်ယောက်ပဲ ပက်သက်ရမယ်ပေါ့။
#ယူတတ်ရင် အကုန်ရတယ် ~ မြတ်စွာဘုရားရှင်က ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့.. ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်လေး ဘာလေး ဆေးတာကအစ သွန်တဲ့အခါမှာ "တိရစ္ဆာန်လေးတွေ စားကြပါစေ"လို့ အာရုံပြုလိုက်ပါတဲ့။ အဲဒီ ဒါနရဲ့အကျိုးက ကိုယ့်ဆီရောက်တာပါပဲ။ ကောင်းပြီ ဒါနဆိုတာ လုပ်မိအောင် လုပ်ပါ ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။ အဲဒီ ဒါနကို အခြေခံတဲ့ သမထ ဝိပဿနာကျတော့ ဘယ်လိုကျင့်မှာတုန်းဆိုတော့ အခု လှူဒါန်းတာကို စိတ်ထဲ အာရုံထဲမှာ မှတ်ထားပြီးတော့ တစ်နေ့ကို တစ်ခါပဲဖြစ်စေ နှစ်ခါဖြစ်စေ အိပ်ရာဝင် အိပ်ရာထလေးမှာ "တို့"ဘယ်တုန်းက ဒါနကောင်းမှုတွေလုပ်တယ်ဆိုတာ ကိုယ်လုပ်တဲ့ဒါနတွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ် အကြိမ်ကြိမ် ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရ ဖြစ်သည်ထိအောင် အထပ်ထပ် ဆင်ခြင်သုံးသပ်တာကို #စာဂါနုဿတိကမ္မဋ္ဌာန်းလို့ခေါ်တာ။ သူက သမထကျင့်စဉ်ဖြစ်လာတယ်နော်။ အဲဒီအပေါ်မှာ စိတ်လေးညိမ်လာပြီးလို့ရှိရင် "သမထ"ဖြစ်လာတာ။ အဲဒါကို ဒါနအခြေခံတဲ့ သမထလို့ခေါ်တယ်။ အဲဒီလို ကျင့်လို့ သမာဓိရပြီး ပီတိတွေဖြစ်လာသည်ထိအောင် ဆင်ခြင်စဉ်းစားရင် အဲဒါ သမထဘာဝနာ။ #ဝိပဿနာဖြစ်အောင်ကျတော့ စဉ်းစားလို့လွယ်တယ်။ အေး လှူခဲ့တဲ့ဆွမ်း ခုမရှိတော့ဘူး အဝတ်သက်န်းလှူရင်လည်း အဝတ်သက်န်းဆိုတာ တစ်နှစ်ဝတ်ရုံလိုက်တယ်ဆိုရင် တသ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်းသွားတယ်။ တစ်ခုစီ ဒီလိုစဉ်းစားကြည့်ပြီး ဘယ်အရာမှ မမြဲဘူး တို့အဲဒီတုန်းက ဖြစ်ခဲ့တဲ့ စေတနာတွေကလည်း သခ်ါရသဘောအရ ပျက်စီးသွားပြီ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ သဘာဝတရားတွေက ဖြစ်ပြီူရင် ပျက်သွားတာပဲ တို့လှူခဲ့တဲ့ ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ်အရသာဆိုတဲ့ သဘာဝတရားတွေဟာ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘာဝတရားဖြစ်သောကြောင့် #အနိစ္စ မမြဲတဲ့အန္တရာယ်ကြီးက အမြဲတမ်းနှိပ်စက်နေလို့ အနိစ္စ။ #ဒုက္ခ မမြဲတဲ့သဘောတရားကြီးက အမြဲတမ်းနှိပ်စက်နေလို့ ဒုက္ခ။ #အနတ္တ အဲဒီလို အမြဲတမ်းနှိပ်စက်နေတာကို ကိုယ်ကတားဆီး ထိန်းချုပ်ခြင်းငှာ ဘာမှမတတ်နိုင်လို့ အနတ္တ စတဲ့ ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့် "ဒါနကနေဆင့်ပွားပြီးတော့ ဝိပဿနာတရားဖြစ်လာတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏
လောကလူတွေက မင်္ဂလာဆိုတာ ပညတ်သွားရာဓာတ်သက်ပါဆိုပြီး ခုခေတ်ဆို ပိုပြီးတော့ များလာတယ်။ ●ကြာပန်းကို ဘုရားလှူရင် ကြန့်ကြာတယ်လို့၊ ●ပန်းသီးကိုလှူရင် ပန်းတယ်လို့ ဒီလိုဟာမျိုးတွေ လူတွေမှာ တွေးတောလာတာမျိုးတွေရှိတယ်။ ●နေ့ချင်းညချင်း ကြီးပွားအောင် ဂျင်းကို ဘုရားလှူတယ်၊ ●ကြံပင်စိုက်တယ် အကြံအောင်ချင်လို့။ ဒါတွေက လောကီမင်္ဂလာ လို့ခေါ်တယ်။ ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ အနေအထားမရှိဘူး။ လူတွေက စိတ်ဖြေတာပဲရှိတယ်။ တကယ် ကောင်းကျိုးချမ်းသာ ပေးနိုင်တာကကိုယ့်ရင်ထဲ နှလုံးထဲရှိတဲ့ သဘာဝတရားဟာကောင်းကျိုး ချမ်းသာ ပေးနိုင်တယ်။ အဲဒါကြောင့်မို့လို့ တကယ်ပေးနိုင်တာမဟုတ်ပေမယ့် လူတွေက ယုံကြည် ကြတာပဲ။ လောကလူသားတွေက ဗမာလူမျိုးတွေချည်း ယုံကြည်ကြတာမဟုတ်ဘူး။တခြား လူမျိုးတွေလဲလောကမှာရှိတဲ့ မင်္ဂလာတွေကိုယုံတယ်။ ဗုဒ္ဓဘာသာ လုပ်ပြီးတော့ အဲဒီလို မင်္ဂလာတွေကို ယုံကြည်တယ် ဆိုလို့ရှိရင် မြတ်စွာဘုရားက ဗုဒ္ဓဘာသာ အညံ့စားလို့ သတ်မှတ်တယ်။ ဥပါသကာ ဆိုရင် အညံ့စား ဥပါသကာ၊ ဥပါသကာမဆိုရင် အညံ့စား ဥပါသကာမ။ -【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
မြတ်စွာဘုရားက စိတ်ဟာ ပင်ကိုယ်က အနက် မဟုတ်ဘူး။ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင် တယ်။ “ပဘဿရမိဒံ ဘိက်ခဝေ စိတ်တံ”တဲ့။ စိတ် ဆိုတာ သန့်ပြန့်ဖြူစင်နေတဲ့ သဘာဝ တရားတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူက အာရုံကို သိရုံသိတာ။ စိတ်ရဲ့သဘာဝက အာရုံကို သိရုံပဲသိတယ်။ တွယ်တာမှု ဆိုတာ မဖြစ်ဘူး။ မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။ သိရုံမျှ သက်သက်သာ သိတာဆိုတော့ ဖြူစင် တယ်။ အဲဒီ သဘာဝအားဖြင့် ဖြူစင်နေတဲ့စိတ်ကလေးဟာ “တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌိ။" အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ လောဘကြောင့် စိတ်ကလေးဟာ ညစ်နွမ်းသွားရတယ်။ ဒေါသကြောင့် စိတ်ကလေးဟာ ညစ်နွမ်း သွားရတယ်။ မာန်မာနတွေ၊ဣဿာ မစ္ဆရိယ တွေကြောင့် အဲဒီအညစ်အကြေးတွေကိုစနစ်တကျ သန့်စင်ဆေးကြောပစ်လိုက်မယ် ဆိုရင် ပင်ကိုယ်က အနေအထားအတိုင်း ပြန်ရောက် သွားနိုင်တယ်။ ကိုယ့်စိတ်ကလေးကို စင်ကြယ်အောင် လုပ်ရ မယ်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။ စဉ်းစားကြည့်လေ လူတွေဟာ စိတ်ကြည်နေတဲ့အချိန် ဒေါသဆိုတာ လာမှမလာတာဘဲ။ ဒေါသ ဆိုတာ အာရုံကြောင့် မိမိရဲ့ နှလုံးသွင်းမှု မှားယွင်းမှုကြောင့် အခိုက်အတန့် ပေါ်လာတဲ့ သဘောတရားပဲ ဖြစ်တယ်။ ဒါကို သန့်စင်အောင် ဆေးကြောပစ်ရမှာပေါ့။ ဆေးကြောပစ်လိုက်တဲ့ အခါကျတော့ ဒေါသမရှိတဲ့ စိတ်ဟာ တည်ငြိမ်တဲ့ စိတ်၊ဖြူစင်တဲ့စိတ် ပြန်ပြီးတော့ ဖြစ်လာတယ်။ ထို့အတူပဲ လောဘ ဆိုတာ အမြဲဖြစ်နေတာ မဟုတ်ဘူး။ အာရုံနဲ့တွေ့လို့ လိုချင်မှုတွေ တပ်မက်မှုတွေ လွှမ်းမိုးလာတဲ့အခါ တရားနည်းလမ်းကျတဲ့ ဖြေဆေးနဲ့ ဖြေပေးပြီးတော့ သန့်စင်ပေးလိုက် မယ်ဆိုရင် နဂိုငြိမ်းအေးငြိမ်သက်တဲ့ ဖြူစင်တဲ့ စိတ်ကလေး ကို ပြန်ပြီးတော့ ရနိုင်တာ ပေါ့။ လူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သူများအပေါ် မှာ မနာလိုတဲ့စိတ်တွေ ဖြစ်တာမှမဟုတ်ဘဲ။ ကိုယ် သာရချင်တယ်ဆိုတဲ့စိတ်ဟာလည်း အမြဲတမ်း ဖြစ်တာမှ မဟုတ်ဘဲ။ သူများစည်းစိမ်ကို စဉ်းစားလိုက်တဲ့အခါကျမှ မနာလိုစိတ်ဆိုတာ ဝင်လာတာဖြစ်တယ်။ ကိုယ့်ထက်သာမနာလို ကိုယ့်ထက်သာသွားမှာ မကျေနပ်တဲ့စိတ်ကလေးက တွေးကြည့်လိုက်မှ ပေါ်လာတာ။ ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို သူတပါးကို မပေးလိုတဲ့ မစ္ဆရိယ စိတ်ကလေး ဟာလည်း မတွေးဘဲနေတဲ့အခါ ပေါ်တာမှ မဟုတ်ဘဲ၊တွေးလိုက်တဲ့အခါကျမှ ပေါ်လာတာ ဖြစ်တယ်။ အဲဒီတော့ အကြောင်းရှိမှ ဝင်လာတဲ့ ဒီစိတ်ရဲ့အညစ်အကြေးတွေကို မှန်ကန်တဲ့အတွေးတစ်ခုနဲ့ သန့်စင်ဆေးကြောလိုက်မယ်ဆိုရင် ဖြူစင်သွားမယ်တဲ့။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက စိတ်ကို ပင်ကိုယ်အနေအထားအတိုင်း ဖြစ်အောင် အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေး ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘုန်းကြီးတို့တစ်တွေ သင်ယူကြရတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
စိတိကြင်လင်ဖို့ရာ ဘာတွေလိုအပ်သလဲ 🙏🙏🙏
ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ ~~~~~~~ မြတ်စွာဘုရားက " သူများစိတ် မသိလျှင် နေပါစေ ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ" တဲ့။ သူများစိတ်သိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ များသောအားဖြင့် လူတွေက သူများအကြောင်း သိဖို့ ကြိုးစားကြတာ များတယ်။ ကိုယ့်အကြောင်းတော့ ကိုယ်သိတယ် ထင်တာကိုး။ အဲဒီတော့ ကိုယ့်အကြောင်းကိုယ် သိအောင် ကြိုးစားပါ။ အထူးသဖြင့် ကိုယ့်စိတ်ကလေးကို ကိုယ်သိအောင် ကြိုးစားပါတဲ့။ သိအောင် ကြိုးစားပါဆိုတော့ ဘာတွေ သိအောင် ကြိုးစားရမှာလဲဆိုလျှင် ငါ့စိတ်ထဲမှာ တွယ်တာတဲ့၊ မက်မောတဲ့ တဏှာလောဘတွေ ဘယ်လောက်အထိ ရှိသလဲ။ ဒေါသဆိုတဲ့ စိတ်ဆိုး စိတ်မိုက်တွေ ငါ့သန္တန်မှာ ဘယ်လောက်အထိ ရှိနေသလဲ။ ငါ့စိတ်ကလေးဟာ တည်ငြိမ်မှုကော ရှိရဲ့လား။ ကုသိုလ်ကောင်းမှု အပေါ်မှာ တွန့်ဆုတ်မှုတွေ ရှိသလား။ တရားဓမ္မနှင့်ပတ်သက်ပြီး သံသယတွေ ရှိသလား။ မရှိဘူးလား။ ဆိုတာ ကိုယ့်ကိုကိုယ် အစဉ်ထာ၀ရ စစ်ဆေးပြီး ကြည့်ရမယ်တဲ့။ စိတ်ရဲ့ အညစ်အကြေးတွေ ကိုယ့်သန္တာန်မှာ ရှိနေတာ တွေ့ရလျှင် ဒီအညစ်အကြေးတွေကို ဖယ်ရှားပြစ်ဖို့က အဓိကပဲ။ အဲဒီ ဖယ်ရှားပြစ်တဲ့ နည်းလမ်းမှာလည်းပဲ နည်းလမ်းမှန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လျှင် ထိုအညစ်အကြေးတွေ လျော့သထက် လျော့၊ ပျောက်သထက် ပျောက်သွားလျှင်၊ ဒါ မှန်ကန်တဲ့ တရားလို့ မှတ်ပါတဲ့။ အဲဒီလို မဟုတ်ဘူး မှားယွင်းတဲ့ တရားဖြစ်လို့ ဒီ "စံ" နှုန်းနှင့် မကိုက်ညီဘူးဆိုလျှင် ဘုရားဟော တရား မဟုတ်ဘူးလို့ မှတ်ပါတဲ့။ (ပါမောက္ခချုပ်ဆရာတော်ကြီး) ‘သေချာသောလမ်းမှလျှောက်လမ်းပါ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ပညာ ဆိုတာ <><><><> ပညာ ဆိုတာ တစ်ဦးနဲ့ တစ်ဦး မတူဘူး ••• 🔹တစ်ချို့ကျတော့ - တရားနာရင်း တရားထူး ရနိုင်တဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် ••• 🔹တစ်ချို့ ကျတော့ - စာပေအဆင့်ဆင့် သင်ယူပြီးတဲ့ နောက်ပိုင်းမှာ တရားထူးရတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် ••• 🔹တစ်ချို့လည်း နှစ်ပေါင်းများစွာ ကျင့်ပြီးမှ အသိဉာဏ်ရင့်လာတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် တစ်ယောက်နဲ့ တစ်ယောက် မတူဘူး ••• အဲဒီတော့ - တူတာ , မတူတာထား ကိုယ် လုပ်ရမယ့် အလုပ်ကို ကိုယ်လုပ်နေဖို့ လိုတယ် ••• ကိုယ်သွားရမယ့် လမ်း ကိုယ်သွားမှ ရောက်မှာပဲ မသွားဘဲ နေရင်တော့ မရောက်ဘူးပေါ့ ••• ခြေလှမ်းတစ်ရာ လှမ်းရမည့်နေရာ ရောက်ဖို့ တစ်လှမ်းလှမ်းပြီးရင် ၉၉ - လှမ်းပဲ ကျန်တော့တယ်နော် ••• တစ်လှမ်းမှ မလှမ်းရသေးတဲ့ ပုဂ္ဂိုလ်ကတော့ အလှမ်း ၁၀၀ - လုံးကျန်နေမှာပဲ ••• အဲဒါကြောင့်မို့ ပုံမှန်လေး အလုပ်လုပ်နေဖို့ အရေးကြီးတယ် ••• ရတာက သူ့တာဝန် လုပ်ရမှာက ကိုယ့်တာဝန်လို့ တာဝန်ကို ခွဲဝေပြီးတော့ ••• ရလိုတဲ့ စိတ်တွေ နင်းကန်ပြင်းထန်လို့ မရဘူး သူ့အချိန်တန်ရင် ရလာမှာပဲ ••• #ပါချုပ်_ဆရာတော်_ဘုရားကြီး
ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အခြေခံသိရမည့်အချက်များ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အခြေခံသိရမယ့်အချက်များကို ပြောပြပေးတော်မူပါဘုရား။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီဆိုရင် အခြေခံအားဖြင့် သိသင့်သိထိုက်တာကတော့..... (၁) ကံတရားနဲ့ ကံတရားရဲ့အကျိုးကို ယုံကြည်လက်ခံမှု၊ ဒါကို ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့ခေါ်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်။ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ ရှိတယ်၊ responsible ပေါ့။ ကိုယ်လုပ်တာ ကိုယ် တာဝန်ယူတယ်ဆိုတဲ့အမြင်မျိုး ရှိရမယ်။ ဗုဒ္ဓဘာသာမှာ ဒါ အခြေခံအနေနဲ့ ရှိရမယ်။ (၂) ဘုရားကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ တရားကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ သံဃာကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ ကိုယ်ကျင့်သီလကို ငါးပါးသီလအခြေခံထားပြီး ထိန်းသိမ်းမှုဆိုတာ ဒါ ဗုဒ္ဓဘာသာတစ်ဦး အခြေခံ အားဖြင့် သိပြီး လိုက်နာရမယ့်အချက်တွေပဲ ဖြစ်တယ်။ နောက် ဗုဒ္ဓဘာသာဆိုတာ ကံ, ကံ၏အကျိုးကို ယုံကြည်တယ်၊ ကံရှိသည့်အတွက်ကြောင့် တမလွန်ဘဝဆိုတာ ရှိတယ်။ ဒီဘဝရှိသည့် အတွက်ကြောင့် အတိတ်ဘဝ ဆိုတာလည်း ရှိတယ်။ အကြောင်းတရားတွေရှိနေသမျှ အကျိုးတရားတွေ ရှိနေဦးမှာပဲ။ ဘဝကိုဖြစ်စေတတ်တဲ့ ကံနဲ့ ကိလေသာရှိနေသမျှ ဘဝဆိုတာ ရှိနေမှာပဲလို့ အကြောင်းအကျိုးကို သိတဲ့ အသိတွေဟာ အခြေခံအသိလို့ ပြောလို့ရတယ်။ ဒါကို အနည်းဆုံး သိဖို့ လိုတယ်။ ဒီထက် အဆင့်မြင့်လာရင် လူ သတ္တဝါဆိုတာ မရှိဘူး။ ရုပ်နဲ့နာမ် နှစ်မျိုးသာ ရှိတယ်။ ငါဆိုတာ မရှိဘူး၊ ငါ့ဟာဆိုတာ မရှိဘူး။ အားလုံးဟာ ထာဝရပြောင်းလဲပြီး နောက်ဆုံးမှာ ပျက်စီးသွားမယ့်အရာတွေသာ၊ သဗ္ဗေသင်္ခါရာ အနိစ္စာဆိုတဲ့ အမြင်မျိုး ရှိရမယ်။ နောက်ဆုံး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်သွားရင်တော့ ဝိပဿနာဉာဏ် အခြေခံတွေရပြီး ရုပ်နဲ့နာမ် နှစ်မျိုးသာရှိတယ်။ ထိုရုပ်နာမ်တို့မှာလည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တယ်ဆိုတဲ့ ဒီ အခြေခံနှစ်မျိုးကအစ နောက်ဆုံးမှာ သောတာပန်ဖြစ်သွားပြီဆိုမှ တကယ့်ကို ခိုင်မြဲတဲ့ ဗုဒ္ဓဘာသာ ဖြစ်မယ်လို့..... ဒီလိုမှတ်ရမယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေပေါင်းချုပ် 🙏🙏🙏
“အပြစ်ကင်းတဲ့အလုပ်” အပြစ်ကင်းတဲ့အလုပ်ဆိုတာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ပေါ်လာမယ်၊ အဆိုးတရားမရှိဘူး၊ အကောင်းတရားပဲရှိမယ်။ လောကမှာ အပြစ်ကင်းတဲ့အလုပ်နဲ့ အပြစ် မကင်းတဲ့အလုပ်ရှိတယ်။ အပြစ်မကင်းတဲ့အလုပ် လုပ်မိလို့ရှိရင် အဲဒီအလုပ်ကအကျိုးသက်ရောက်လာတဲ့အခါမှာ ဆိုးကျိုးကိုပေးတတ်တာ ဒါသဘာဝပဲ ဖြစ်တယ်၊ အဲတော့ကိုယ်လုပ်တဲ့ အလုပ်သည် အပြစ်ကင်းတဲ့အလုပ်ဖြစ်ရဲ့လား၊ အပြစ်ကင်းတဲ့အလုပ်ဆိုကတည်းက ဆိုးကျိုးပေးဖို့မရှိဘူးလို့ ဆိုလိုတယ်ပေါ့။ ဥပမာ – အစားအစာ တစ်ခုဟာ အင်အားဖြစ်စေတတ်ရုံကလွဲပြီး ဘာမှဆိုးကျိုးကိုမဖြစ်စေတတ်တဲ့ အစားအစာကိုစားလို့ရှိရင် လူ့ရဲ့ ကျန်းမာရေးနေထိုင်ကောင်းမှုဆိုတဲ့ ကောင်းကျိုးကို ဒီအစားစာကဖေါ်ဆောင်ပေးမှာ ဖြစ်တယ်။ မတည့်ဘူးဆိုတဲ့ အပြစ်မကင်းတဲ့အစားအစာမျိုးကိုစားမိရင်တော့ နေထိုင်မကောင်းဖြစ်တာပေါ့။ အဲဒီလိုပဲ… အလုပ်တစ်ခု ဟာ အပြစ်ကင်းတဲ့အလုပ်ဆိုရင် ဒီအလုပ်ကြောင့်ဒုက္ခ ရောက်တဲ့ သူမရှိဘူး…ဒါလည်းလူဘဝရောက်လာလို့ရှိရင်အခြေခံအားဖြင့်ဆင်ခြင်သုံးသပ်ရမယ်….. အပြစ်ကင်းတဲ့အလုပ်လား အပြစ်မကင်းတဲ့အလုပ်လားစဉ်းစားရတော့မှာ…..ဖြစ်တယ်.. အဲတော့ ကုသိုလ်ဆိုတာ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်…… ကုသိုလ်လို့ခေါ်တဲ့အဓိပ္ပါယ်ကအပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာတွေပေးနိုင်တဲ့အလုပ်ကိုဆိုလိုတယ်….အပြစ်ကင်းရုံတင်မဟုတ်ဘူး အကျိုးတရားသက်ရောက်တယ်လို့ဆိုလိုတာ ၊ အကျိုးဆိုတာ ကောင်းကျိုးကို ပေးတယ်…..လို့ဆိုလိုတယ်၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
30.8.2024- ညနေ(၄:၀၀)နာရီ အချိန်- မန္တလေး ညနေခင်း ဓမ္မသဘင်-
သမထကို အလေးနက်မသိတဲ့သူတွေကျတော့ တစ်နေ့ကို အရဟံဂုဏ်တော် အာရုံပြုပြီးတော့ ပုတီးပတ်လေးစိပ်နေတာကိုပဲ သမထလို့ခေါ်တယ်။ ဂါထာလေးရွတ်နေတာကို သမထလို့ ခေါ်နေကြတယ်။ သူတို့ကော စိတ်ငြိမ်သက်မှုကို ပေးနိုင်သလားဆိုရင် ပေးနိုင်သင့်သလောက် ပေးနိုင်ပါတယ်။ အခုခေတ်က ဂါထာရွတ်ပြီး ပုတီးစိပ်နေတာကို သမထလို့ဆိုတော့ သမထရဲ့ဂုဏ်ဟာ သေးသိမ်တယ်ပေါ့။ သမထဆိုတာ အဆင့်မြင့်တဲ့ သမာဓိကျင့်စဉ်တစ်ခုပဲ။ ဘုရားဂုဏ်တော်ကို အာရုံပြုပြီး သမထကျင့်လို့မရဘူးလားဆိုရင် ရတော့ရတယ်။ ဒါပေမယ့် စျာန်ရနိုင်လောက်တဲ့အထိ မဖြစ်ဘူး။ ဂုဏ်တော်ဆိုတာ အင်မတန်လေးနက်တယ်။ ဂုဏ်တော်ကို အာရုံမရောက်ဘဲ `အရဟံ၊ အရဟံ´ ဆိုပြီး စာလုံးပေါ်မှာ ဒါမှမဟုတ် ပုတီးလုံးပေါ်မှာ အာရုံရောက်နေရင်တော့ ဒါဟာ ဗုဒ္ဓါနုဿတိလို့ အပြည့်အဝခေါ်ဖို့တောင် ခက်တယ်။ များသောအားဖြင့် အရဟံ၊ အရဟံဆိုတာ ဘာမှန်းမသိဘူး ဆိုနေတယ်။ ပုတီးပတ် တစ်ထောင်ပြည့်အောင်စိပ်မယ်ဆိုရင် အရဟံတစ်ထောင်ပြည့်အောင်ဆိုတယ်။ ဘာနဲ့သွားတူလဲဆိုတော့ မန္တာန်ရွတ်နေတာနဲ့သွားတူတယ်ပေါ့။ အကျိုးမရှိဘူးလို့ ပြောတာမဟုတ်ဘူး။ သမထကျင့်စဉ်အစစ်မဟုတ်ဘူးနော်။ အရဟံဂုဏ်တော်ကို သမထကျင့်စဉ်အနေနဲ့ကျင့်မယ်ဆိုရင် ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို အလေးအနက်နားလည်ဖို့လိုတယ်။ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာကင်းစင်တဲ့ မြတ်စွာဘုရား ဆိုတဲ့ ဂုဏ်တော်ထဲကိုပဲ အာရုံရောက်နေရမယ်။ အဲဒီလို ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို အာရုံမပြုဘဲ ပုတီးလုံးလေးပဲ ချောက်ချောက် ချောက်ချောက်နဲ့သာ စိပ်နေမယ်ဆိုရင် ပုတီးလုံးပေါ်ပဲ စိတ်ကရောက်နေမယ်။ ဒါမှမဟုတ် ဘယ်နှစ်ပတ်ပြည့်ပြီဆိုတဲ့ အရေအတွက် ဂဏန်းတွေပေါ် အာရုံရောက်နေမယ်။ ဂဏန်းပေါ်အာရုံပြုနေမယ်ဆိုရင် ဘုရားဂုဏ်အာရုံပြုမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာ ဆင်ခြင်စဉ်းစားကြည့်ပေါ့။ တကယ့် မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံရောက်ပြီး စိတ်ထဲကြည်နူးပီတိဖြစ်နေမှသာလျှင် ဒါဟာ ဗုဒ္ဓါနုဿတိလို့ ဒီလိုခေါ်တယ်။ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ) ကျေးဇူးရှင်ဆရာတော်ကြီးများ၏ ဓမ္မစာစုများမှ
🔹 ပါမောက္ခချုပ်ဆရာတော်ကြီး၏ အနုမောဒနာနှင့် ဓမ္မသဘင်အစီအစဉ်များ 🔹 #UPDATE ▪️ 28 - 8 - 2024 နံနက် (၉:၀၀)နာရီ ပခုက္ကူမြို့ကုသိုလ်ရှင်အဖွဲ့၏ တရားပွဲ နေရာ >> ဓမ္မဝိဇယသဘာဓမ္မာရုံ ဓမ္မသဟာယသာသနစင်တာ၊ ပြင်ဦးလွင် ▪️ 30 - 8 - 2024 ညနေ (၄:၀၀)နာရီ မဟာမြိုင်ဆရာတော်ကြီး၏ ဈာပန အကြိုဓမ္မသဘင် နေရာ >> မဟာမြိုင်ကျောင်းတိုက်၊ မဟာမြိုင်ရပ်၊ ၆၆-လမ်း၊ လမ်း ၄၀ မန္တလေးမြို့ 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 ▪️ 31 - 8 - 2024 နံနက် (၉:၀၀)နာရီ ပါမောက္ခချုပ်ဆရာတော်ကြီးကံထပ် ဦးသန့်ဇင်ဦး + ဒေါ်ကေခိုင်နွယ်ဝင်း မိသားစု ကုသိုလ် နေရာ >> ဓမ္မဝိဇယသဘာဓမ္မာရုံ ဓမ္မသဟာယသာသနစင်တာ၊ ပြင်ဦးလွင်
မြတ်စွာဘုရားက... လောကမှာ အရသာတွေထဲမှာ.. အကောင်းဆုံး အရသာဆိုတာ ဝစီ သစ္စာ ကိုပြောတာပါ တဲ့။ အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ။ ဘယ်တော့မှလည်း အမှန်ပြောရသည့်အတွက်အီ မသွားဘူး။ လိမ်တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အမှန်ပြောချင်မှာ မဟုတ်ဘူး နော်။ ဒါဖြင့် တို့တစ်တွေဟာ ဘဝ အရေးမှာ.. အကောင်းဆုံး အရသာကို စားဖို့လိုအပ်နေတယ်။ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကိုပြောပြီးသစ္စာဆိုမယ်ဆိုရင် ... ကိုယ်လိုချင်တာတွေ လုပ်လို့ရပါတယ် စမ်းကြည့်ပေါ့ မဟုတ်တာတော့ မပါစေနဲ့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ